နာမည်ကျော် Apple ကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်သည့် ဒုတိယမျိုးဆက်သစ် Touch Screen Tablet ကွန်ပျူတာဖြစ်သော iPad2 ကို ပြည်တွင်းဈေးကွက်အတွင်းသို့

မတ်လ၊ ဒုတိယပတ်မှစတင်၍ တင်သွင်းရောင်းချလာကြရာ ဈေးကွက်အတွင်း မူလရောင်းချနေသည့် iPad များ၏ဈေးနှုန်းမှာ ကျပ်တစ်သိန်းခန့်ကျဆင်းသွားကြောင်း သိရသည်။ iPad2 ကို ပြည်တွင်းဈေးကွက် သို့တင်သွင်းကြရာတွင် ကွန်ပျူတာဆိုင်များနှင့် မိုဘိုင်းဖုန်းဆိုင်များက တစ်ပိုင်တစ်နိုင် သယ်ယူတင်သွင်းရောင်းချကြခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ WiFi နှင့် Wifi + 3G ဆိုပြီး နှစ်မျိုးထွက်ရှိထားသော်လည်း ပြည်တွင်းဈေးကွက်တွင် WiFi အသုံးပြုနိုင်သည့် မော်ဒယ်တစ်မျိုးတည်းကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်းသိရသည်။ သိုလှောင်သိမ်းဆည်းနိုင်စွမ်းအရ 16GB, 32GB နှင့် 64 GB ဟူ၍ သုံးမျိုးခွဲခြားထုတ်လုပ်ထားသော်လည်း ပြည်တွင်းဈေးကွက်အတွင်း 16GB နှင့် 32GB နှစ်မျိုးကိုသာ တင်သွင်းရောင်းချကြကြောင်း၊ ရောင်းဈေးမှာ 16GB ဆိုပါက ကျပ် ရှစ်သိန်းဝန်းကျင်ရှိပြီး 32GB ကိုမူ ၀ယ်လိုအားနည်းပါးနေသေးသည့်အတွက် ဈေးနှုန်းအတိအကျ သတ်မှတ်ရခြင်းမရှိသေးကြောင်း သိရသည်။ Technoland မှတာဝန်ရှိသူ မသပြေအောင်က “iPad2 က ခုမှဈေးကွက်ထဲကိုဝင်တယ်ဆိုပေမယ့် ပြည်တွင်းမှာ အသုံးပြုလိုတဲ့သူကများပါတယ်။ လက်ရှိ ကျွန်မတို့ရထားတဲ့ ပစ္စည်းအရေအတွက်နဲ့ မလောက်နိုင်အောင်ရောင်းရပါတယ်။ နောက်ထပ်ပစ္စည်းတွေကတော့ ဧပြီလထဲမှာ ထပ်ရောက်လာပါလိမ့်မယ်။ ဈေးနှုန်းကတော့ နောက်ရောက်လာမယ့်ပစ္စည်းတွေမှာ ဈေးသက်သာလာနိုင်ပါတယ်” ဟုပြောသည်။ iPad2 တွင်မူလ iPad များနှင့် အရွယ်အစားကွာခြားချက် မရှိသော်လည်း iPad2 မှာပိုမိုပါးလွှာပြီး အလေးချိန်အားဖြင့်လည်း ipad များထက် ပိုမိုပေါ့ပါးသောကြောင့် သယ်ဆောင်ရလွယ်ကူကြောင်း၊ ထို့ပြင် အတွင်းပိုင်းစနစ်များအနေဖြင့် ယခင် iPad များတွင်အသုံးပြုထားသော OS စနစ်မှာ Version 3.2 များဖြစ်ပြီး iPad2 မှာ Version 4.3 မှစတင်ဝင်ရောက်လာသကဲ့သို့ CPU စနစ်များမှာလည်း ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရသည်။ Mobile Shop မိုဘိုင်းဖုန်းအရောင်းဆိုင်တာဝန်ရှိသူ ကိုဂျိမ်းလတ်က “ပထမ iPad မှာတုန်းက CPU က A4 တွေပါ။ ခု iPad2မှာတော့ CPU က A5 ဖြစ်လာတဲ့အတွက် အမြန်နှုန်းပိုမိုကောင်းမွန်လာပါတယ်။ ရုပ်ထွက်ပိုင်းတွေအနေနဲ့ဆိုရင်လည်း ပိုပြီးတော့ကောင်းမွန်လာတယ်။ Screen Resolution နဲ့ Graphic ပိုင်းတွေ ပိုပြီးကောင်းလာပါတယ်။ ပြီးတော့သူ့အတွက် Apple ကနေ Original အိတ်တွေကို ထုတ်ရောင်းပေးပါတယ်။ iPad 2 ရဲ့အိတ်တွေက စက်ကို Magnetic နဲ့တွဲဆက်ထားပါတယ်။ အဲလိုလုပ်ထားတဲ့အတွက် အရင်က iPad တွေမှာ Screen မပိတ်ပဲလင်းနေလို့ ဘက်ထရီကုန်သွားတာတွေ မဖြစ်နိုင်တော့ပါဘူး။ အပြင်အဖုံးကိုပိတ်လိုက်တာနဲ့ iPad ကိုပါ တစ်ခါတည်းပိတ်ပြီးသား ဖြစ်သွားမှာဖြစ်တဲ့အတွက် ပိုအဆင်ပြေပါတယ်” ဟုပြောသည်။ ထို့ပြင် iPad2 တွင် ကင်မရာစတင်ပါဝင်လာခဲ့ပြီး Dual ကင်မရာစနစ်ဖြစ်ခြင်းကြောင့် Video Calling စနစ်များအတွက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPad2 ကို မတ်လ ၃ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖြန့်ချိရောင်းချခဲ့ပြီး မတ်လ ၂၅ ရက်တွင် နိုင်ငံပေါင်း ၂၅ ခု၌ ဖြန့်ချိရောင်းချခဲ့သည်။

ရေးသားသူ – ကိုသက်

အင်တာနက်ဂျာနယ်