စိုးစန္ဒာဦး
အတွဲ ၂၆ ၊ အမှတ် ၅၁၁ (၂၅ – ၃၁ ၊ ၃ ၊ ၂၀၁၁)

မြန်မာတိုင်း(မ်)ကမ္ဘာ့ဝါဂွမ်းဈေး တက်လာမှုကြောင့် နိုင်ငံခြားကုန်ကြမ်းသုံး ပြည်တွင်း အ၀တ်အထည်ဈေးနှုန်းများ မြင့်တက်လာပြီး ၀ယ်လိုအားကျဆင်းလာ ကြောင်း အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။

“နိုင်ငံတကာမှာ ၀ါဈေးက အရင်ကထက် နှစ်ဆလောက်မြင့်တက်နေလို့ နဂို ဈေးအတိုင်း ရောင်းလို့တော့ အဆင်မပြေဘူး။ လက်ကျန်ကုန်ကြမ်း ရှိနေသေးလို့ တတ်နိုင်သမျှ ရာခိုင်နှုန်းနည်းနည်းပဲ ဈေးတက်ပြီး ရောင်း ပါတယ်။ ဈေးက ၂၀ ရာခိုင်နှုန်းလောက်တော့ တက်သွားတယ်”ဟု BFC Men’s Fashion စူပါ ဖိုင်းစတိုးမှ ကိုကျော်ဝင်းက၊ပြောသည်။

BFC Men’s Fashion က ကုန်ကြမ်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းကြောင်း၊ လက်ရှိတွင် အ၀တ်အထည် လက်ကား ဈေးနှုန်းများမှာ အမျိုးအစား ပေါ်မှုတည်၍ ကျပ် ၆,၀၀၀ မှ ၁၀,၀၀၀ ၀န်းကျင်တွင် ရှိကြောင်း၊ ကုန်ကြမ်းဈေးများမှာ ယမန်နှစ် အောက်တိုဘာလမှ စ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

“ဈေးနှုန်းတက်လာတော့ ၀ယ်လိုအား က ၂၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ရန်ကုန်ဈေးကွက်ထက် နယ်ဈေးကွက်မှာ ပိုပြီး နေရာရပါတယ်။ ကုန်ကြမ်း တစ်လကို ကိုက် တစ်သိန်းကျော်မှာ တရုတ်ပိုလီယက်စတာက ကိုက်ခြောက်သောင်းနဲ့ ထိုင်းက ရာနှုန်း ပြည့် ချည်ထည်လိပ်က ကိုက် လေးသောင်းလောက် သုံးပါတယ်”ဟု ၎င်းက ပြောသည်။

ကုန်ကြမ်းဈေးများတွင် တရုတ် ပိုလီယက်စတာမှာ ယမန်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး ထိုင်း ရာနှုန်းပြည့် ချည်ထည်လိပ်များမှာ ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။

တန်ပိုလျှော့ချ သတ်မှတ်သည့်ကာလအတွင်း နယ်ပို့ပစ္စည်းကုန်တင်ခမှာ အထည် ၁၀၀ ပါသော အထုပ်တစ်ထုပ်လျှင် ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၄,၀၀၀ ထိ မြင့်တက်သွားကြောင်း၊ ကုန်ကျစရိတ်များတွင် ၀န်ထမ်းလစာမှာ အများဆုံးဖြစ်ကြောင်း ကိုကျော်ဝင်းက ပြောသည်။

“ကုန်ကြမ်း ပိတ်ချည်စလိပ်တွေကို ထိုင်းနိုင်ငံကနေ တင်သွင်းတာပါ။ အရင်နှစ် ဒီအချိန်မှာ တစ်ကီလိုကို အမေရိကန် ၂၅၅ ဒေါ်လာ ကနေ အခု ဒေါ်လာ ၃၁၀ ထိ မြင့်တက်လာတယ်။ ပုံမှန်အတိုင်းဆို အထည်ဈေးကိုပါ တက်ရတော့မှာပါ။ ဒါပေမယ့် အရောင်းအ၀ယ် တွေက သိပ်မကောင်းတော့ ဈေးမတက်သေးဘူး။ “ချည်ထည်ဆိုင် အားလုံးနီးပါးက ဈေးတွေ တက်နေပါပြီ။ အရင်နှစ်က ၀ယ်ထားတဲ့ ကုန်ကြမ်းလက်ကျန် ရှိနေသေးလို့ ဈေးမတက်သေးဘဲ အဆင်ပြေနေတာပါ”ဟု STEP Fashionကုမ္ပဏီ လီမိတက်မှတာဝန်ရှိသူ ဦးထွန်းကျော်က ပြောသည်။

နိုင်ငံတကာဈေးကွက်တွင် လက်ရှိ ၀ါပေါက်ဈေးမှာ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ဖြစ်သည်။

ယခင်လ ပထမအပတ်က တစ်ပေါင်လျှင် ‘ကန်’ ဒေါ်လာ ၁ ဒသမ ၉၀ ပေါက်ဈေး ရှိခဲ့ရာ ယမန်နှစ် အလားတူကာလပေါက် ဈေးထက် နှစ်ဆမြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဝါအများဆုံးစိုက်ပျိုးသော နိုင်ငံများမှာ အမေရိကန်၊ တရုတ်၊ ပါကစ္စတန် နှင့် ဩစတြေးလျနိုင်ငံတို့ဖြစ်ပြီး ဒုတိယ အများဆုံး စိုက်ပျိုးသောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။

ယမန်နှစ်က အဆိုပါနိုင်ငံများတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ၀ါစိုက်ခင်းများ ပျက်စီးကာ နိုင်ငံတကာ ဈေးကွက်၌ ၀ါဈေးမြင့် တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုင်မှာတော့ တရုတ်ထည်နဲ့ ယိုးဒယားထည်တွေ တင်ထားတယ်။ တရုတ် ပိုလီယက်စတာနဲ့ ချုပ်ထားတဲ့ အထည်တွေက ၁၀ ရာခိုင် နှုန်းလောက် ဈေးတက်ပြီး ယိုးဒယားကလာတဲ့ အထည်မှန်သမျှ ဒီတစ်ပတ်အတွင်းမှာ ၂၀ ရာခိုင်နှုန်း ကျော်လောက် ဈေးတက်တယ်” ဟု White Floral လက်လီအထည်ဆိုင်မှ မအိအိအောင်က ပြောသည်။

လက်လီအထည်ဆိုင်များတွင် အရောင်းသွက်သော အမျိုးသမီးဝတ်နှင့် အမျိုးသားဝတ် အထည်အများစုမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လာသော အထည်များ ဖြစ်သည်။

“ကိုယ်ဝယ်ထားတုန်းက ကျပ် ၄,၀၀၀ တန်က အခု ၄,၃၀၀ လောက် ဖြစ်သွားတော့ ကိုယ်က ရောင်းဈေးကို ထပ်မြှင့်ရတယ်။ ကိုယ် ၀ယ်တုန်းကဈေးအတိုင်း ပြန်မရနိုင်တော့လို့ ဈေးက မမြှင့်လို့လည်း မရပြန်ဘူး။ “အရင်နှစ်က ထိုင်းကလာတဲ့ မိန်းမ ၀တ်ချည်ထည် အင်္ကျီတစ်ထည်ကို ၄,၀၀၀ က အခုနှစ်မှာ ၀ယ်ဈေးကိုပဲ ၄,၅၀၀ ဖြစ်နေတယ်”ဟု ၎င်းက ပြော ကြားသည်။

နိုင်ငံတကာဈေးကွက်တွင် ၀ါဂွမ်းနှင့်အတူ ရေနံဈေးများလည်း မြင့်တက်နေသောကြောင့် ဓာတုနည်းဖြင့်ပြုလုပ်ရသော ပိုလီယက် စတာစများလည်း ဈေးတက်လျက်ရှိသည်။

မြန်မာနိုင်ငံဈေးကွက်အတွင်းရှိ ပိုလီယက်စတာစများကို တရုတ်မှ အများဆုံးတင်သွင်းခြင်း ဖြစ်သည်။

မြန်မာတိုင်းမ်