မတ်​လ ၂​၄ ရက်​နေ့​က ရှမ်းပြည်နယ် အရှေ့​ပိုင်း​တွင် လှုပ်​ခတ်​ခဲ့​သော​ငလျင်​ကြောင့် တာ​ချီ​လိတ်​ခ​ရိုင် အတွင်း​ရှိ ဒေသ​များ ဖြစ်​ကြ​သော တာ​လေ၊ မိုင်း​လင်း၊ မ​အန်​ခမ်း၊ ကျ​ကူ​နီ စ​သည့် ဒေသ​များ​တွင် လူ​အများ​အပြား သေ​ဆုံး၊ ဒဏ်ရာ​ရ​ရှိ​ကြ​ပြီး အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ကြ​ရ​သည်။ ထို့​ကြောင့် ယင်း​ဒေသ​များ​ထဲ​မှ ငလျင်​ဒဏ်​ကို အပြင်း​ထန်​ဆုံး ခံစား​ခဲ့​ရ​ပြီး သေ​ဆုံး​သူ အများ​အပြား ရှိ​ခဲ့​သည့် မိုင်း​လင်း​ရွာ​နှင့် မ​အန်​ခမ်း​ရွာ​တို့​မှ အသက်​မ​သေ​ဘဲ ကျန်​ရစ်​ခဲ့​သူ​များ​နှင့် တွေ့​ဆုံ​မေးမြန်း​ဖြစ်​ခဲ့​ပါ​သည်။

b4123

ဒေါ်​နန်း​လုံ(အသက် ၅⁠၅​နှစ်) – မ​အန်​ခမ်း​ရွာ
မေး – ကြုံတွေ့​ခဲ့​ရ​တဲ့ အဖြစ်အပျက်​ကို ပြော​ပြ​ပါ​ဦး။
ဖြေ – အဖြစ်အပျက်​ကတော့ အရမ်း မြန်​ပါ​တယ်။ ဝုန်း​ဆို​ပြီး ခဏ​လေး​မှာ​ပဲ အိမ်​တစ်​ခု​လုံး ပြို​ကျ​သွား​တာ။ ယောက်ျား​ရယ်၊ အမေ​ရယ်၊ တူမ​ရယ် သုံး​ယောက် သေ​ဆုံး​သွား​ပါ​တယ်။ ကျွန်မ​တောင် အပေါ်​က သစ်သား​တိုင် ပိ​မိ​နေ​လို့ မ​သေ​တာ​ပါ။ နောက်​တစ်​နေ့​ပဲ အသုဘ တစ်ခါတည်း ချခဲ့​ပါ​တယ်။

မေး – အခု နေ​ရေး၊ စား​ရေး​ကို ဘယ်​လို ဆောင်ရွက်​ထား​ပါ​သလဲ။
ဖြေ – အိမ်​က အကုန်​လုံး ပြို​သွား​ပြီ ဆို​တော့ အိမ်​ဘေး​မှာ​ပဲ ယာယီတဲ​လေး ထိုး​ပြီး​တော့ နေ​ပါ​တယ်။ စား​တာ​ကတော့ သက်ဆိုင်​ရာ​က ဆန်​နှစ်​အိတ် လာ​ပေး​တယ်။ ပြီး​တော့ အလှု​ရှင်​တွေ လာ​လှူ​တာ​တွေ​လည်း ရှိ​ပါ​တယ်။ ဒီ​ရက်​ပိုင်း​ကတော့ အဖြစ်​ဆိုး​ကြီး​ကို ပြန်​တွေး​မိ​တိုင်း ဘာ​မှ​စား​လို့​မ​ဝင်​ပါ​ဘူး။

b4124

စိုင်း​ပွတ်(အသက် ၃​၈ နှစ်) – မိုင်း​လင်း​ကျေးရွာ​အုပ်စု
မေး – ကြုံတွေ့​ခဲ့​ရ​တဲ့ အခြေအနေ​ကို ပြော​ပြ​ပေး​ပါ​ဦး။
ဖြေ – စက္ကန့်​ပိုင်း​လောက်​ပဲ ကြာ​ပါ​တယ်။ ဝေါ​က​နဲ​မြည်​သံ​နဲ့​အတူ အိမ်​က စ​ပြို​တော့​တာ​ပဲ။ ပြေး​ချိန်​တောင် ဘယ်​လို​မှ မ​ရ​လိုက်​ဘူး။ မိန်း​ကလေး​က လေး​ယောက်​နဲ့ ယောက်ျား​လေး​က နှစ်​ယောက် စုစုပေါင်း ခြောက်​ယောက် သေ​ဆုံး​ခဲ့​ပါ​တယ်။ ကျွန်တော်​လည်း တံခါး​မင်း​တုန်း​က အပေါ်​မှာ​ပိ​နေ​လို့ ဒဏ်ရာ​ပဲ​ရ​တာ​ပါ။ အိမ်​က နှစ်​ထပ်​အိမ် ဖြစ်​ပြီး​တော့ ဆောက်​ထား​တာ နှစ် ၃​၀ လောက် ရှိ​ပြီ​ဆို​တော့ ဒီ​လောက်​ပြင်း​တဲ့ ငလျင်​ဒဏ်​ကို မ​ခံ​နိုင်​ဘူး။
မေး – မိသား​စု​တွေ သေ​ဆုံး​ခဲ့​တဲ့​အတွက် သက်ဆိုင်​ရာ​က ကူညီ​ထောက်ပံ့​တာ​တွေ ရှိ​သလား။
ဖြေ – သေ​တဲ့​သူ တစ်​ယောက်​အတွက် ငွေ​ကျပ်​တစ်​သိန်း​စီ ထောက်ပံ့​ပါ​တယ်။ နောက်​ပြီး ဆန်​တို့၊ ဘာ​တို့​တော့ ထောက်ပံ့​တာ ရှိ​ပါ​တယ်။

b4125

စိုင်း​ဝန်း​ကျောက်(အသက်​၃​၂​နှစ်) – မ​အန်​ခမ်း​ရွာ
မေး – ငလျင်​ဖြစ်​တဲ့​အချိန်​က အတွေ့​အကြုံ​ကို သိ​ချင်​ပါ​တယ်။
ဖြေ – ဖြစ်​တဲ့​အချိန်​မှာ ကျွန်တော်​က တာ​ချီ​လိတ်​ကို ရောက်​နေ​တာ။ ဒီ​မှာ ဖြစ်​သွား​ပြီ​ဆို​တာ သိ​တော့ အမြန်​ပြန်လာ​တာ။ ရွာ​ရောက်​တော့ မိန်းမ​ရယ်၊ အမေ​ရယ်၊ အဖွား​ရယ် သုံး​ယောက်​က အဆောက်​အဦ​ထဲ​မှာ ပိတ်​မိ​ပြီး ဆုံး​သွား​တာ တွေ့​ရ​ပါ​တယ်။ ကျွန်တော့်​ကလေး​ကတော့ တံခါး​ခံထား​လို့ လွတ်​သွား​တာ​ပါ။
မေး ကိုယ့်​မိသား​စု​တွေ ဆုံးရှုံး​သွား​တဲ့ အတွက် အစ်​ကို့​ရင်​ထဲ​မှာ ဘယ်​လို​ခံစား​ခဲ့​ရ​လဲ။
ဖြေ – ပြော​မ​ပြ​တတ်​ဘူး​ဗျာ၊ အရမ်း​ဝမ်းနည်း​မိ​တယ်။ ရှိ​တာ​မှ အဖေ​ရယ်၊ အဘွား​ရယ်၊ အမေ​ရယ်၊ မိန်းမ​ရယ်၊ သား​ရယ်​ပဲ​ရွိ​တာ။ အခု​တော့ အဖေ​ရယ်၊ ကျွန်တော်​ရယ်၊ သား​ရယ်​ပဲ ကျန်​တော့​တယ်။
မေး – အခု​နေ​တာ၊ စား​တာ​ရော အဆင်​ပြေ​ရဲ့​လား။
ဖြေ – အဆင်​ပြေ​တယ်​လည်း မဟုတ်​ပါ​ဘူး။ အိမ်​ကို လာ​လှူ​တဲ့​သူ​ရှိ​ရင် ယူထား​လိုက်​တာ​ပဲ။ လောလောဆယ် အိမ်​အပျက်​အစီး​တွေ​ဖယ်​ပြီး နေ​စရာ အရင်​လုပ်​ရ​ဦး​မှာ​ပါ။

b4122

ဒေါက်​တာ​ကံ​ဦး​မောင်(တာဝန်​ခံ​ဆရာဝန်၊ တာ​လေ​ပြည်​သူ့​ဆေး​ရုံ)
မေး – စ​ဖြစ်​သွား​တဲ့ အခြေအနေ​ကို ပြော​ပြ​ပါ​ဦး။
ဖြေ – ည ၈ နာရီ ၁​၅ မိ​နစ်​လောက်​မှာ ကျွန်တော်​က ဆိုင်​ကယ်​နဲ့ တာ​လေ​မြို့​ထဲ​ကို သွား​တာ။ အဲ​ဒီ​မှာ ငလျင်​စ​လှုပ်​ပြီး​တော့ ကျွန်တော်​လည်း ဆိုင်​ကယ်ပေါ်​က​နေ ပြုတ်​ကျ​ရော။ ငလျင်လှုပ်​ပြီး ခဏ​ကြာ​တော့ လျှပ်စစ်မီး ပြတ်​သွား​ပြီး ကျွန်တော်​လည်း မှောင်​ထဲ​မှာ ဆေး​ရုံ​ကို ပြန်လာ​ခဲ့​ပါ​တယ်။ အဲ​ဒီ အချိန်​မှာ တာ​လေ​မြို့​ထဲ​က အိမ်​တွေ​က အကုန်​ပြို​ကုန်​ပြီ။ ဆေး​ရုံ​လည်း ပြန်​ရောက်​ရော ဆေး​ရုံ​က​လည်း ပြို​ပျက်​နေ​ပြီ။ ဒါ​ကြောင့် ရုတ်​တရက် ရောက်လာ​တဲ့ လူ​နာ ၂​၀ ကျော်​လောက်​ကို အပင်​တွေ၊ သစ်ကိုင်း​တွေ ကျိုး​မ​ကျ​တဲ့ နေရာလွတ်​တွေ​မှာ ယာယီတဲ​လေး​တွေ ထိုး​ပြီး​တော့ ကု​သ​မှု စတင်​ခဲ့​ရ​ပါ​တယ်။
မေး – ဆေး​အဖွဲ့ အင်အား​ဘယ်လောက်​နဲ့ ကု​သ​မှု​တွေ ပြုလုပ်​ခဲ့​ပါ​သလဲ။
ဖြေ – ကျွန်တော်​တို့ တာ​လေဆေး​ရုံ​က ဆရာဝန်​တွေ၊ သူနာ​ပြု​တွေ​အပြင် ကျိုင်း​တုံ​နဲ့ တာ​ချီ​လိတ်​မြို့​တွေ​က ဆရာဝန်​တွေ၊ သူနာ​ပြု​တွေ၊ ကြက်ခြေ​နီ​တွေ​နဲ့ မီးသတ်​တပ်ဖွဲ့​ဝင်​တွေ ပါဝင်​ပြီး ကု​သ​မှု​တွေ ပြုလုပ်​ပေး​ပါ​တယ်။ နောက်​ပိုင်း​မှာ လာ​တဲ့​လူ​နာ အရေအတွက် အရမ်း​များ​လာ​လို့ ကျိုင်း​တုံ​ဆေး​ရုံ၊ မိုင်း​ဖြတ်​ဆေး​ရုံ​နဲ့ တာ​ချီ​လိတ် ဆေး​ရုံ​တွေ​ကို ခွဲ​ပြီး ပို့ဆောင်​ခဲ့​ရ​ပါ​တယ်။
မေး – အဲ​ဒီ​အချိန်​မှ တာ​လေ​နဲ့ တာ​ချီ​လိတ်​သွား​တဲ့ တံတား​က သွား​လို့​မ​ရ​တော့ လူ​နာ​တွေ​ကို ဘယ်​လို ပို့ဆောင်​ခဲ့​ပါ​သလဲ။
ဖြေ – တံ​တားပေါ်​က​နေ ကား​ဖြတ်​သွား​လို့ မ​ရ​တော့ လူ​နာ​တွေ​ကို ချက်ချင်း မ​ပို့​နိုင်​ဘူး။ နောက်​တော့ ဆေး​ရုံ​က​နေ ဒီ​ဘက်​တံတား​ထိပ်​ကို ကား​နဲ့​သယ်​ပြီး ဟို​ဘက်​တံတား​ထိပ်​မှာ ကား​တစ်​စီး စောင့်​နေ​စေ​ပါ​တယ်။ လူ​နာ​တွေ​ကို တစ်​ယောက်​ချင်း ဒီ​ဘက် ကား​က​နေ ဟို​ဘက်​ကား​ကို သယ်ပို့​ရ​ပါ​တယ်။
မေး – ဆေးဝါး​နဲ့ တခြား အသုံးအဆောင်​တွေ လုံလောက်​မှု ရှိ​ရဲ့​လား။
ဖြေ – စ​ဖြစ်​ခါ​စ​ကတော့ ဆေး​ရုံ​မှာ​ရှိ​တဲ့ ဆေး​တွေ၊ ကု​တင်​တွေ၊ အခင်း​တွေ ရသ​လောက် ထုတ်ယူ​ပြီး ကု​သ​ပေး​ပါ​တယ်။ နောက်​တော့ ကျန်းမာ​ရေး​ဦးစီး​ဌာန၊ NGO တွေ​နဲ့ ပုဂ္ဂလိက အလှူရှင်​တွေ​က​လည်း လို​အပ်​တဲ့ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်း​တွေ လာ​ရောက် လှူဒါန်း​ကြ​ပါ​တယ်။
မေး – ငလျင်လှုပ်​ပြီး နောက်​ပိုင်း​မှာ ဘယ်​လို ရောဂါ​တွေ အဖြစ်​များ​လဲ။
ဖြေ – အဓိက​ကတော့ မ​သန့်ရှင်း​တဲ့ ရေ​ကြောင့် ဖြစ်ပေါ်​တတ်​တဲ့ ဝမ်း​ရောဂါ​နဲ့ တခြား ကူး​စက်​ရောဂါ​တွေ​ပါ။
မေး – စ​ဖြစ်​တဲ့​အချိန်​က​နေ အခု​အချိန်​အထိ တာ​လေဆေး​ရုံ​မှာ လူ​နာ​ဘယ်​နှ​ဦး​လောက် ကု​သ​ခဲ့​ရ​ပါ​သလဲ။
ဖြေ – မတ်​လ ၂​၄ ရက်​နေ့ ည​ပိုင်း​က​နေ အခု​အချိန်​အထိ​ဆို​ရင် စုစုပေါင်း လူ​နာ ၁​၂​၀ ကျော်​လောက် ကု​သ​ခဲ့​ရ​ပါ​တယ်။