၁၉၉၁ ခုနှစ် နောက်ပိုင်း ကျောင်းထဲမှာ ကျောင်းသား လှုပ်ရှားမှု တွေ မရှိတော့ပါ အပြင်မှာလဲ နိုင်ငံရေး အခင်းအကျင်း တွေ ပြောင်းလဲ သွားပါတယ်၊ ၁၉၉၃ခု နှစ် အစ မှာဘဲ တပ်မတော်က ဦးစီးပြီး အမျိုးသားညီလာခံခေါ်ယူပြီး အခြေခံ ဥပဒေကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ အချိန်က NLD မှာရော ပြင်ပနိုင်ငံရေးလောကမှာပါ ၀ိဝါဒ ကွဲပြားခဲ့ကြပါတယ်၊ တချို့က ညီလာခံကို တက်သင့်တယ်၊ ဒါမှ ဥပဒေ ရေးဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံရအောင် လုပ်လို့ ရမယ်၊ တချို့က လုံးဝ သပိတ်မှောက်သင့်တယ်လို့ ယုံကြည် လက်ခံထားပါတယ်၊ လုံးဝ သပိတ်မှောက်သင့်တယ်လို့ လက်ခံတဲ့ လူတွေထဲမှာ ကျောင်းသားလူငယ် အများစု ပါဝင်ပါတယ်။ ညီလာခံနဲ့ ပတ်သက်ပြီး တယောက် ချင်းရော၊ အုပ်စုလိုက်ရော အဖမ်းခံရတဲ့လူတွေ များလာပါတယ်။ ………. ဒါပေမယ့် ၁၉၈၉ ခုနှစ်လောက်က ထောင် ၃ နှစ် သမားတွေ ပြန်လွတ်လာကြပါ တယ်၊ ၁၁/၉၂ နဲ့ လွတ်လာသူတွေလဲ ရှိပါတယ်၊ လွတ်လာတဲ့ လူတွေထဲက တချို့ က ဆူးလေမှာနေတဲ့ ရီရီ နဲ့ အေးမိုး တို့ဆီကို လာကြရင်း ရီရီ တို့ အအေး ဆိုင်နဲ့ အေးမိုး တို့ အိမ်ရှေ့ ခရေပင် (ရွှေကြည်အေး လက်ဖက်ရည်ဆိုင်) ဟာ ဆုံရပ် တွေဖြစ်လာပါတယ်။ ဒီနေရာမှာ ဆုံကြသူအများစုက နိုင်ငံရေး နိုးကြားသူတွေ ဖြစ်ကြပါတယ်၊ လှုပ်ရှားမှုတွေကိုစတင်ဘို့ ၀န်မလေးကြပါဘူး၊ ၁၉၉၃ ခု မတ်လ ၁၃ ရက်နေ့ဟာ ရုံးပိတ်ရက်နဲ့ ဆုံပါတယ်၊ ဘုန်းမော်ကျဆုံးတာ လည်း ၅နှစ်ပြည့် ပါတယ်၊ ဒါကြောင့် ကိုဘုန်းမော် တို့ အိမ်က နှစ်လည်ဆွမ်းသွတ်ကို ကျမတို့ အုပ်စု သွားကြပါတယ်၊ ကိုဘုန်းမော် တို့ အိမ်ရောက်တော့ မိုးမြတ်သူ တို့ ယောက်ကျားလေးအုပ်စုက ရောက်နေနှင့်ပါတယ်၊ ကျမတို့က ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်နဲ့ အ နက်ရောင် နှင်းဆီပွင့်တွေကို သူတို့တွေရဲ့ အကျီင်္ိမှာ တတ်ပေးခဲ့ပါတယ်။ ပြီးတော့မှ ရွှေတိဂုံဘုရားကို သွားကြမယ် ဆို ပြီး ထွက်လာကြပါတယ်၊ ဘုရားခြေရင်းရောက်တော့ အမှတ်တရလုပ်ထားတဲ့ ဒေါ်ခင်ကြည် ဂူ၊ ဦးသန့်ဂူ၊ သခင်ကိုယ် တော်မှိုင်း ဂူတွေကို ၀င်ကြပါတယ်၊ သခင်ကိုယ်တော်မှိုင်းဂူက လက်ကမ်းကြေငြာ ဆင်တူလေးတွေကို ယူလာကြပြီး ယောက်ကျားလေးတွေက ရှပ်အကျီင်္ိအိတ်ထဲ ထည့်ထားကြပါတယ်။ ဘုရားပေါ်ရောက်တော့ ကျမတို့ အုပ်စုရဲ့ ထူးခြားတဲ့ ပုံစံကြောင့်အလည်လာတဲ့ Foreigner စိတ်ဝင်စားပြီး စပ်စုတာ ကြောင့် ကျမတို့က ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့ ၅ နှစ်မြောက်တဲ့နေ့ ဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ကြပါသေး တယ်။ ပြီးတော့ ကျမတို့ လုပ်ထားတဲ့ အနက်ရောင် နှင်းဆီပွင့်တွေကို ပေးလိုက်ပါတယ်။ နောက်ထပ် မှတ်မှတ်ရရ ဖြစ်အောင် ပထမကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ ဓါတ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။ ကျမတို့ လမ်းခွဲတော့ မိုးမြတ်သူနဲ့ ကိုမောင်မောင်ဦး တို့က ဆေးရုံမှာ လူနာသွားကြည့်မယ်ဆိုပြီး ထွက်သွားတယ်။ ၁၅ ရက်နေ့ ညဘက်ကျမှ သူတို့ ၂ ယောက် မျက်လုံးဟောက်ပက်နဲ့  ဆုံနေကျ နေရာကို ရောက်လာတယ်။ အ၀တ်အစား တွေကလဲ ဖုန်းမော်နေ့က အတိုင်း။ သူတို့  ၂ ယောက် ဆေးရုံ လူနာဆီကို မရောက်ပဲ လမ်းမှာတင် ထောက်လှမ်းရေး ဖမ်းခံရပြီး ဖုန်းမော်နေ့  အဖြူအနက်ဝတ်တာကို ခေါ်ကြပ်ခံရတာတဲ့။ လွတ်လွတ်ချင်း သူငယ်ချင်းတွေဆီကို ရောက်လာ ပြီး မနက်ဖြန် ၁၆ ရက် တံတားနီနေ့ အစီအစဉ်ကို လာမေးပါတယ်။ ကျောင်းသားလူငယ်တွေပဲလေ၊ ၂ ညလောက်နဲ့ တော့ ဘယ်မှုပါ့မလဲ။ 1993 ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ တက်နေတဲ့ ကိုမောင်မောင်ဦး၊ အေးမိုး တို့ အုပ်စု။ ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ တက်နေတဲ့ ကျမ၊ ရီ၊ ကိုကျော်စိုး၊ ကိုနေတင်မြင့်တို့ အုပ်စု။ စက်မှုတက္ကသိုလ်မှာတက်နေတဲ့ ကိုစည်သူထွဏ်း၊ ကိုဂီး တို့ အုပ်စု။ အားလုံး ကျောင်းထဲမှာ အဖြူအနက် တွေ ၀တ်ကြမယ်။ ပြီးရင် ကိုတိတ် ကိုသားကြီးတို့ အုပ်စုနဲ့ အင်းယား ကန်ဘောင်မှာဆုံကြပြီး လူလစ်ရင် ပန်းစည်းချမယ်ဆိုပြီး ချိန်းလိုက် ကြတယ်။ ၁၆ ရက်နေ့မှာ ကျမကော ရီရီကော အတန်းမတက်ကြပါဘူး၊ လှည်း တန်းဈေးကိုသွားပြီး ဖဲကြိုးအနက်နဲ့ ပင်အပ်တွေကို ၀ယ်ပြီး ရီရီက နှင်းဆီပန်းပုံ ခေါက်ပါတယ်၊ ပန်းပွင့်အနက်ကို ပင်အပ်နဲ့ထိုးပြီး ရင်ထိုး တွေ လုပ်ပါတယ်။ ကျမတို့ အဖြူနဲ့ အနက်ဝတ်ပြီး ကျောင်းရဲ့ လူစည်တဲ့နေရာတွေ ဖြစ်တဲ့ စာကြည့်တိုက်၊ကင်တင်း၊ R.C (Recreation Center)၊ တို့ကို ဖြတ် လျောက်ကြတယ်။ ကျောင်းသားတွေ စည်ကားတဲ့ သိပ္ပံခမ်းမ ဆင်ဝင်အောက်ရောက်တော့ ရီက ဘေးကလူတွေ ကြားနိုင်လောက်တဲ့ အ သံနဲ့  “ဒီနေ့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ နက်ရင်ထိုး ရှင့်ကို ရီတပ်ပေးမယ်နော်” ပြောပြီး ဖဲပွင့်နက်လေး ရင်ဘတ်မှာ ထိုးပေးပါ တယ်။ ပြီးတော့ စိတ်ဝင်စားမယ်ထင်ရတဲ့ ကျောင်းသားတွေကို ကျမတို့ ဖဲပြားနက်လေးတွေ အရဲစွန့် ပေးကြည့်ကြတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားတချို့ရဲ့ ကချင်လွယ်အိတ်တွေမှာ ဖဲပွင့်အနက်တွေ နေရာယူသွားပါတယ်။ နောက်တော့ ငွေစာရင်းဌာနရှေ့က လှေကားထစ် တွေမှာ ထိုင်ပါတယ်။ ကျမတို့ ထိုင်နေတာကို တချို့တွေက စိတ်တ ၀င်တစားနဲ့ ကြည့်နေကြပါတယ်၊ ခဏနေတော့ စိတ်ပါတဲ့ ကျောင်းသားကျောင်းသူတချို့ လှေကားထစ်တွေမှာ ၀င်ထိုင် ကြပါတယ်၊ ကျမတို့ ထိုင်နေတုန်း ကျူတာ ဆရာမလေးတွေ ရောက်လာပြီး ကျမတို့ ၂ ယောက်ကို ဘယ်မေဂျာ၊ ဘယ်အတန်းကလဲ လို့ လာမေးပါတယ်၊ ကျမက ဓာတု ကလို့ ပြန်ဖြေခဲ့ပေမဲ့ ရီရီက (ရူပဗေဒ တတိယနှစ်၊ ဂုဏ်ထူးတန်း) လို့ အသေအချာ ဖြေခဲ့ပါတယ်။ မေးပြီးတော့ ဆရာမတွေ ပြန်ထွက်သွားပါတယ်။ နောက်ထပ် ၁၀ မိနစ် လောက်ကြာတော့ ဆရာမတွေ ထပ်ရောက်လာပြီး ခုံနံပါတ် လာတောင်းပါတယ်၊ အဲဒီတော့မှ ကျမလည်း ခုံနံပါတ်ပေးရင်း ကျမရဲ့ အတန်းအမှန်ကို ပြောရပါတယ်။ ဆရာမတွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေတော့ ခုနက ထိုင်နေတဲ့ ကျောင်းသားတွေ အလျှိုအလျှို ထွက်သွားကြပါတယ်၊ အဲဒီ အချိန်ကြမှ အကျီင်္ိအဖြူနဲ့ ကချင်ပုဆိုး ဝတ်ထားတဲ့ ကိုနေတင်မြင့်က ကျမတို့ဆီ လျောက်လာပါတယ်၊ ကျမတို့က ကိုနေတင်မြင့် အခြေအနေ မကောင်းဘူး၊ လစ်တော့လို့ ပြောလိုက်တော့ တခြား အခြေအနေကြည့်နေတဲ့ ကျောင်းသား တွေနဲ့ အတူတူ ငွေစာရင်းဌာန ပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်တွေအောက်မှာ ရပ်နေပါတယ်။ လူတွေ နည်းနည်းရှင်းသွားတော့မှ ဘွဲ့နှင်းသဘင်ထဲမှာ ရုံးထိုင်တဲ့ မော်ကွန်းထိန်း အဆင့်(၁) ဦးဝင်းကို နဲ့ ဦးမြနွယ်တို့ ရောက်လာပါတယ်၊ ပြီးတော့ ကျမတို့နဲ့ စကားအခြေအတင် ပြောပါတယ်။ မော်ကွန်းထိန်း…. မင်းတို့ ဘာလို့ အဖြူနဲ့အနက် ဝတ်ပြီး ဒီမှာ ထိုင်နေကြတာလဲ၊ ရီရီ.…မောင်နှမ တွေကို လွမ်းလို့ ဝမ်းနဲတဲ့ အထိမ်းအမှတ်နဲ့ ဝတ်ထားတာပါ၊ မော်ကွန်းထိန်း…မောင်နှမတွေ ဘာဖြစ်သွားလို့လဲ၊ ပြောပါဦး။ ကျမက….အိမ်ပြန် မလာနိုင်ကြတော့လို့ပါ၊ ဦးဝင်းကိုက မဲ့ပြုံးတချက်ပြုံးပြီး “အော်..မင်းတို့က တရုတ်လူမျိုးတွေလား။” ဆိုပြီး ကျမတို့ကို ရွဲ့ပြောပြောပါတယ်။ ကျမတို့ကလဲ သေချာအောင် ထပ်ဖြေလိုက်ပါတယ်။ “မြန်မာ စစ်စစ် ကျောင်းသားတွေပါ” လို့ ။ “မင်းတို့ ကျောင်းချိန်ပြီးပြီ မဟုတ်လား၊ အိမ်ပြန်တော့။” လို့ ပြောပြီး ဦးဝင်းကို တို့ ပြန်ထွက်သွားပါတယ်။ ကျမတို့နဲ့ မလှမ်းမကမ်းမှာ အခြေအနေ စောင့်ကြည့်နေတဲ့ ကျောင်းသားတွေက ကျမတို့ ကို အားပေးနေပါတယ်။ ဦးဝင်းကို က ပြန်ခိုင်းခဲ့ပေမဲ့ ကျမတို့က မပြန်ပါဘူး၊ ကျမတို့ ထင်ထားတာက ကျမတို့ဆီကို ကျောင်းရဲတွေ လွတ်လိုက် မယ်။ ဒီတော့ ကျမတို့ ဘယ်လို ရင်ဆိုင်မလဲ၊ ရီရီ နဲ့ တိုင်ပင်ကြပါတယ်။ အဲဒီ အချိန်မှာ မထင်ထားဘဲ ရူပဗေဒ ပါမောက္ခ ဒေါက်တာမြင့်သိန်း၊ သချာင်္ပါမောက္ခနဲ့ ဆရာတွေ ရောက်လာပြီး ကျမတို့ကို သက်ဆိုင်ရာ ပါမောက္ခရုံးခန်းတွေဆီ ခေါ် သွားပါတယ်။ ဌာနရောက်တော့ ကျမကို ဒေါက်တာ တင်မောင်ဆွေ က စကားပြောပါတယ်၊ ဆရာက “မင်း ပညာသင်တဲ့ အချိန်မှာ ပညာကို ကောင်းကောင်း သင်သင့်တယ်၊ နိုင်ငံရေး ဝါသနာပါရင် ဘွဲ့ရပြီးမှ ပါတီတခုခုကိုဝင်ပြီး အမတ်တနေရာ အရွေး ခံသင့်တယ်” ၊ ကျမက ဆရာ့ ကို “ဗိုလ်ချုပ် အောင်ဆန်း သာ ဆရာပြောသလို လုပ်ခဲ့မယ်ဆိုရင် မြန်မာပြည် လွတ်လပ်ရေး ရပါ့မလား” လို့ ပြန်မေးခဲ့ပါတယ်၊ ဆရာက ဆက်ပြီး “မင်းက ဗိုလ်ချုပ်မှ မဟုတ်တာ၊ မင်းသမိုင်းကြောင်းကို သေချာ သိရဲ့လား” တဲ့၊ ကျမက “ကျမ သိတဲ့ သမိုင်းက အမှန် ဆိုရင် ဗိုလ်ချုပ်က တော်လှန်ရေးကို ကျောင်းသား ဘဝက စခဲ့တယ်၊ ကျမတို့ လုပ်နေတာလဲ တော်လှန်ရေးပါ ဆရာ”။ ဆရာနဲ့ ကျမ အခြေအတင် ပြောကြရပါတယ်၊ အဲဒီ ဆရာက ကျမတို့လုပ်နေတာကို အဓိပ္ပါယ် မရှိဘူးလို့ တယူသန် ပြောနေပါတယ်။ ဆရာက “အခု အုပ်ချုပ်နေတာ ဗမာ အချင်းချင်းဆိုတော့ တော်လှန်ရေး မလိုဘူး” တဲ့။ ကျမတို့ ပြောနေတာ လိုရင်း မရောက်ပါ ဘူး။ ဒါကြောင့် ကျမတို့ကို Paper (2) သင်တဲ့ ကျမတို့ရဲ့ Guardianship ဆရာ ဦအောင်ဆန်းလွင် (၉၁ ခု ကျောင်းသား ဆန္ဒပြပွဲအပြီး ကျောင်းပြန်ဖွင့်တော့ ဆရာတဦးက ကျောင်းသား ၁၀ ဦးကို တာဝန်ယူရပါတယ်) က ဝင်ပြီး ကျမကိုဆုံးမ ပါတယ်၊ ကျမက ဆရာ ဦးအောင်ဆန်းလွင် ကို လေးစားရင်းစွဲရှိလို့ ဘာမှပြန်မပြောတော့ပါဘူး၊ ဆရာကလည်း ကျမကို ဖိပြောတာမျိုး မလုပ်ပါဘူး၊ ဆရာက “မင်းက ပညာတော်တဲ့ ကျောင်းသားဆိုတော့ အညွန့်မကျိုးစေချင်ဘူး၊ အဖမ်းခံ ရ ရင် ပညာရေးတပိုင်းတစ ဖြစ်သွားမယ်၊ ဆရာတွေက အဲဒါကိုပဲ စိတ်ပူတယ်” တဲ့။ ဆရာ့ စေတနာကို နားလည်ရင် ဒီက ဆရာမ တယောက်ယောက်ရဲ့ အဝတ်အစားကိုလဲလိုက် သင်္ချာဌာနက ကားနဲ့ အိမ်ပြန်ပို့ပေးမယ်တဲ့၊ အိမ်ပြန် ပို့တာကို ကျမ လက်မခံပါဘူး၊ ဒါကြောင့် ကျမက “အဝတ်အစားက ကျမမှာ အပိုပါ ပါတယ်၊ ကျမ ကိုယ့်ဖာသာ ပြန်လို့ရပါတယ် ဆရာတို့ စိတ်ပူနေမှန်း ကျမ သိပါတယ်၊ ဒီနေ့ အဖို့ နောက်ထပ် ကျမ ဘာမှ ထပ်မလုပ်ပါဘူး” ဆိုတဲ့ ကတိကို ပေးပြီး ဌာနက ပြန်လာပါတယ်။ ရီရီ လည်း ကျမ လိုပဲ ပါမောက္ခရုံးခန်းမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရပါတယ်၊ ကျမတို ကို အပြင်မှာစောင့်နေတဲ့ ကိုနေ တင်မြင့်က ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ဘောင်မှာ ရောက်နေကြပြီလို့ သတင်းပေးတာနဲ့ ကျမတို့ ၃ ယောက် အင်း ယားကို ထွက်လာကြတယ်။ အင်းယားကန်ဘောင်ရောက်တော့ သူငယ်ချင်းတွေ အားလုံးက အားပေးပါတယ်။ “နင်တို့  ၂ ယောက် ပါမောက္ခ ရုံးခန်းရောက်သွားပြီဆိုတော့ ကျောင်းထုတ်ခံရနိုင်တယ်။” တဲ့။ နောက်တနေ့မှာ ကျမ အဖေနဲ့ အမေကို ထောက်လှမ်းရေးက အင်းလျားလိတ်ဟော်တယ်မှာ ရုံးထိုင်တဲ့ ထောက်လှမ်း ရေး စခန်းထဲကို ခေါ်သွားပါတယ်၊ အဖေတို့ကို အရှေ့၊ ဘေး တဘက်စီကနေ ဓါတ်ပုံတွေ ရိုက်ယူပါတယ်၊ ပြီးတော့ ကျမ ဖေဖေကို သူတို့က ပြောပါတယ် “ကလေး က နောက်ဆုံးနှစ်ရောက်နေပြီ၊ ကျနော်တို့က ဖမ်းပြီးထောင်ချရင် က လေး နစ်နာမယ်၊ ဒီတော့ မိဘ အနေနဲ့ ထိမ်းပေးပါ” တဲ့။ ရီရီ အမနဲ့ အကို ကိုလည်း ထောက်လှမ်းရေး ၁၄ က လာခေါ်သွားပြီး ရီရီ အမ ဆရာမကို ထောက်လှမ်းရေးက ပြောပါ တယ်၊ “ရီရီက ကျနော်တို့ ရှေ့မှာကြီးလာတဲ့ ကလေးပါ၊ သူက ပညာလဲ ထူးချွန်တော့ သူ့ကို ပညာရေး ခါးမကျိုးစေချင် ဘူး၊ ဒါကြောင့် ဆရာမ တို့ ထိန်းပေးပါ” တဲ့။ ကျမ ဖေဖေ ကတော့ ကျမကိုပြော ပါတယ်၊ “သမီး သေချာစဉ်းစား နောက်တကြိမ်ဆို အစိုးရက ခွင့်မလွတ်တော့ဘူး၊ အခုတခေါက်က ဆရာတွေ ခံနေပုံရတယ်၊ သမီးတို့ ကို အကြောင်းပြုပြီး ပြဿနာမဖြစ်အောင်လို့ မဖမ်းတာ၊ နောက် ထပ်လုပ်တာနဲ့ ဖမ်းမှာပဲ၊ ထောင်ထဲမှာနေနိုင်ရင် ဆက်လုပ်” တဲ့။ ကျမ ဖေဖေ က ကျမကို ဒီလောက်ပဲ ပြောခဲ့ပါတယ်။ ဖေဖေ ပြောတာမှန်ကြောင်း ဦးနု ဈာပနအမှုက သက်သေပါပဲ။ အဲ့ဒီအချိန်မှာရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးတပ်ဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ ထောက်လှမ်းရေး တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်တဲ့ ခေတ်ပါ။ ဒီအခြေအနေတွေကြားက ကျမ တို့ရဲ့ လုပ် ရပ်တွေဟာ အာဏာရှင်ကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့သူရဲကောင်းတွေကို မေ့မသွားဘို့နဲ့ အာဏာရှင်တွေကို ဆန့်ကျင် ဘို့အတွက် ရည်ရွယ်ပါတယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုကို ပြင်ပနိုင်ငံရေးလောကမှာ ကျယ်ကျယ် ပြန့်ပြန့် မသိခဲ့ကြပေမဲ့ ရန်ကုန်တက္ကသိုလ် အတွင်းမှာတော့ ပြန့်နှံ ခဲ့ပါတယ်။ ကျမတို့ နိုင်တဲ့အားနဲ့ ရုန်းကန်ခဲ့တဲ့ လုပ်ရပ်လေးတွေကို အမှတ် တရ ပြန်ပြော ပြမိတာပါ။

ခင်ငြိမ်းသစ် Rest of your post